ပြီးခဲ့တဲ့နှစ်အတွင်း Lucas Film ကို ဝယ်ယူမှုနဲ့အတူ Walt Disney ဟာ ခြေလှမ်းကြဲကြဲ လှမ်းလာတာကို အားလုံး သတိထားမိမှာပါ။ ဂန္ဓဝင် ရုပ်ရှင်ကားတွေကို ထုတ်လုပ်ဖို့ အမြဲစိုင်းပြင်းနေတဲ့ Walt Disney ဟာ အခုလည်း Star Wars ရုပ်ရှင်အသစ်နဲ့ ရုပ်ရှင်သမိုင်းသစ် ရေးထိုးဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၂ အတွင်းက ကြေညာခဲ့တဲ့အတိုင်း Walt Disney ဟာ Star Wars ရဲ့ Episode အသစ်ကို ဆက်လက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရိုက်ကူးမယ့် ဇာတ်ကားသစ်ဟာ အပိုင်းသစ်ဖြစ်မယ်လို့ သတင်းပြေးနေခဲ့ပေမယ့် အခုအခါမှာတော့ ဇာတ်ကားသစ် Jedi သူရဲကောင်းတွေထဲမှာ ထင်ရှားကျော်ကြားတဲ့ ဆရာတစ်ပါးဖြစ်တဲ့ Master Yoda ရဲ့ ဇာတ်ကြောင်းဖြစ်မယ်လို့ Disney က အရိပ်အမြွက် ထုတ်ဖော်ခဲ့ပါတယ်။ နောက်ထပ် ပိုမိုအံ့သြဖွယ်ရာ ကောင်းတာကတော့ အစဉ်အလာ ပြိုင်ဘက်လို ဖြစ်ခဲ့တဲ့ Star Trek ရုပ်ရှင်ဇာတ်ကားသစ်ကို ရိုက်ကူးသူ ဒါရိုက်တာ J.J. Abrams က ရိုက်ကူးမယ်ဆိုတာပါပဲ။
Star Wars ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ နာမည်ကျော် ဇာတ်ကောင်တွေဖြစ်တဲ့ Yoda နဲ့ Han Solo တို့ရဲ့ ငယ်ဘဝတွေ ပါဝင်မှာဖြစ်ပြီး နာမည်ကျော် Bounty Hunter တစ်ဦးဖြစ်တဲ့ Boba Fett လည်း ပါဝင်မယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။ ၂၀၁၅ မှာ ထွက်ပေါ်လာမယ့် Star Wars ဇာတ်ကားသစ်ဟာ အာဏာရှင်ကြီး Palpatine အုပ်စိုးနေစဉ် ကာလတွေ ဖြစ်ဖို့များသလို အနှစ် ၉၀၀ သက်တမ်းရှိခဲ့တဲ့ Yoda ငယ်စဉ်ဘဝမှ စတင်မယ့်ဇာတ်လမ်းလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၁၃ မေလမှာ ရုံတင်မယ့် Star Trek: Into Darkness ဇာတ်ကားကိုလည်း စောင့်မျှော်ရင်းနဲ့ ဒါရိုက်တာ J.J. Abrams ရဲ့ လက်ရာ သိပ္ပံဇာတ်လမ်းများကို ကြည့်ရှုခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Hollinaz

