ပညာသင်ကြတယ်ဆိုတာ မလွယ်ပါဘူးလေ။ ကျောင်းပြီးတော့လည်း အလုပ်ကောင်းကောင်းမရဘူး။ ကျောင်းနေတော့လည်း ပင်ပန်းလိုက်တာပါပဲ။ ငွေတွေကုန်တယ်။ အချိန်တွေကုန်တယ်။ ကြည့်ပါလား။ သင်ထားတဲ့ပညာနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေကို လုပ်နေရတယ်။ ဒါဆိုရင်လည်း ပညာမသင် ရတော့ဘူးလား။ ဘွဲ့တွေ မယူရတော့ဘူးလား။ ဥပမာလေးတွေပြချင်ပါတယ်။
ခင်မိမိ
ဒီကလေးမလေးဟာ နယ်က ရန်ကုန် ရောက်နေသူပါ။ အင်ဂျင်နီယာကျောင်းဆင်းတယ်။ အရင်ခေတ်ကခေါ်တော့ AGTI က ဆင်းတာတဲ့။ အလုပ်ကမရဘူး။ ဒီတော့ စားသောက်ဆိုင်ကြီးတစ်ခုမှာ စားပွဲထိုးလုပ်နေရတယ်။ ဒါကို ဝေဖန်တဲ့လူတွေအများကြီးပဲ။ ခင်ဗျားရော ဘာပြောချင်လဲ။ သူစားသောက်ဆိုင်မှာလုပ်တော့ နေစရာရတယ်။ စားစရာရတယ်။ လခက အသားတင်ပေါ့။ မိဘတွေကို အများကြီးပေးနိုင်တယ်။ တချို့ကတော့ ဒါဆိုရင်ဘာလို့ ကျောင်းနေသေးတာလဲပေါ့လေ။ ကျောင်းကဆင်းတော့ ကောင်းကောင်းမွန်မွန်(ကျွန်တော်ပြောတာက အရာရှိအရာခံလေ)လျှောက်ပြီး အလုပ်ဝင်လုပ်ပေါ့။ သူတို့ ပြောတာလည်းဟုတ်ပါတယ်။ ဘွဲ့ရရင် အရာရှိအရာခံဖြစ်သင့်တယ်။ ကျောင်းဆရာလေးလုပ်လို့ရတယ်။ စာရေးလည်းလုပ်လို့ရ တယ်ပေါ့။ ဒါပေမဲ့ စားသောက်ဆိုင်အလုပ်လည်းကောင်းတာပဲ မဟုတ်လား။ သူအင်ဂျင်နီယာမဟုတ်ဘဲ ဒီအလုပ်လုပ်ရင် ပြောစရာမရှိဘူး။ တစ်ရက်မှာ သူငယ်ချင်းလေးယောက် ဒီစားသောက်ဆိုင်မှာ လာစားတော့ သူမ တွေ့တယ်။
“သူငယ်ချင်း မှတ်မိလား”
“ဟင်”
“ငါခင်မိမိပါ”
“အေး ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”
“၀မ်းရေးပေါ့ကွာ”
“အဆင်ပြေရဲ့လား”
“ပြေပါတယ်။ ကိုယ်ကတောင် မိဘတွေကို ထောက်ပံ့နေရတယ်။ ကိုယ့်ညီမကိုလည်း ကျောင်းထားနေရတယ်”
“အေးကောင်းတယ်”
“နင်တို့ရော”
“၀န်ထမ်းတွေပေါ့”
“ထောတာပေါ့”
“မထောပါဘူး သူငယ်ချင်းရာ၊ အဆောင်စရိတ်နဲ့ တစ်ခါတစ်ခါ အိမ်ကပြန်ဆွဲရတယ်”
“တော်သေးတာပေါ့”
“ဘာတော်သေးတာလဲ”
“ပြန်ဆွဲစရာအိမ်ရှိသေးတာကိုး၊ ငါဆိုရင် အိမ်ကဆွဲစရာမရှိဘူး။ သူတို့ကို ငါမထောက်ပံ့ရင် ငတ်သေကြမှာ”
“မြန်မာပြည်မှာ ငတ်သေတာမရှိဘူး”
“အာဟာရမပြည့်တာပဲရှိတယ်လေ”
“ဟုတ်တယ်နော်။ နင့်ကိုကြည့်ရတာ ကျောင်းတုန်းကထက်ပိုပြီးကျန်းမာနေသလိုပဲ”
“ဟုတ်တယ်လေ။ ဒီမှာ အာဟာရမျှတအောင်စားရတယ်။ ငါက ပညာတတ်ဖြစ်တဲ့အတွက် ဦးစားပေးခံရတယ်။ ပုဂံမှာတို့ဆိုင်ဖွင့်ရင် ငါ့ကို မန်နေဂျာ ခန့်မယ်တဲ့။ ပုဂံရောက်ရင်လည်း ၀င်ခဲ့လေ ဒီဆိုင်နာမည်ပဲ။ နာမည်တူတဲ့ ဆိုင်ခွဲတွေကို Franchise လုပ် ဖွင့်ထားတာပါ”
“ကံကောင်းတယ်နော်”
“ကံဆိုတာ အလုပ်ပဲမဟုတ်လား”
အေးအေးသော်
ရန်ကုန်သူပါ။ ဒီကလေးမက စာပေးစာယူ သွားဆေးတက္ကသိုလ်က ကျောင်းပြီးတယ်။ အင်္ဂလိပ်စာလည်း ကောင်းပါတယ်။ ကျောင်းကဆင်းတော့ သူမ နိုင်ငံခြားသွားဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဆရာတစ်ယောက်ရဲ့ သွားဆေးခန်းမှာ လက်ထောက် ၀င်လုပ်တယ်။ အားလပ်တဲ့တစ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင်း ဆိုင်တစ်ဆိုင်မှာ အလှသွားပြင်တယ်။ အလှပြင်စရိတ်က ကြီးတယ်။ ဒီတော့ ဒီအလှပြင်တယ်ဆိုတာက လုပ်ငန်းတစ်ခုဆိုတာကို သဘောပေါက်သွားတယ်။ သွားစိုက်ဆိုင် ဖွင့်မှာလား။ အလှပြင်ဆိုင် ဖွင့်မှာလား။ အနံ့တွေဆိုးတဲ့ ပါးစပ်တွေကိုဖွင့်ပြီး တစ်သက်လုံး အလုပ်လုပ်ဖို့ သူမ သည်းမခံနိုင်ဘူး။ အလှပြင်ဆိုင်တစ်ဆိုင်မှာ သင်တန်းသွားတက်တယ်။ တစ်နှစ်ကြာတော့ ဆံပင်ညှပ်၊ ပေါင်းတင်၊ လက်သည်းအလှပြင်၊ ဆံပင်ဆေးဆိုး၊ Spa၊ အားလုံးတတ်သွားတယ်။ နောက်တစ်နှစ်ဆိုင်မှာ အလုပ်သင်နဲ့ ၀င်လုပ်ရတယ်။ ကျောင်းနေတဲ့လောက်တော့ မပင်ပန်းပေမယ့် Business ဆိုတာ Business ပါပဲ။ အချိန်မှန်ကန် တိကျရတယ်။ မျက်နှာချိုပြီး ဆက်ဆံရေးကောင်းရတယ်။ သူမရဲ့ဆိုင် အောင်မြင်လာတယ်။ လက်ထောက်ငါးယောက်ထားကာ ကြီးကြပ်တယ်။ ညဘက်မှာမှ ငွေသိမ်းတဲ့အလုပ်ပဲ လုပ်တော့တယ်။ တစ်ရက်မှာ ဆရာနဲ့ ဆရာကတော် ဆိုင်ကိုရောက်လာတယ်။ ဆရာကတော်အလှပြင်ဖို့ လာတာပါ။
“ဟယ် အေးအေးသော်”
ဆရာက သူမကိုမြင်လိုက်တာပါ။
“သြော် . . . ဆရာ။ ဆရာကတော်အလှပြင်ဖို့ လာတာလား”
“ဟုတ်တယ်။ နင်ဒီမှာ လုပ်တာလား”
“ဟုတ်ကဲ့ဆရာ”
ဆရာက ဘာမှဆက်မပြောပါ။ ဆရာကတော်က “ဆံပင်ညှပ်မယ်၊ဆိုးမယ် မျက်နှာလည်း ပေါင်းတင်မယ်”
“ဆရာကတော်ကို အထဲခေါ်သွား”
မိန်းကလေးတစ်ယောက်က ဆရာကတော်ကို ခေါ်သွားတယ် …
“ဘာဖြစ်လို့ ဆေးခန်းမဖွင့်တာလဲ”
“ဒီမှာ ကျွန်မ၀ါသနာပါလို့ပါ”
“ပိုက်ဆံလည်းရတယ်ဆိုပါတော့”
“ခုတော့ ရပါတယ် ဆရာ၊ လုပ်စတစ်နှစ်နှစ်နှစ်လောက်တုန်းကတော့အတော်လေးရုန်းကန်ရတယ်”
“အေးအေးသော်လို Talent ရှိတဲ့ သူတွေကို နှမြောတယ်၊ ပြည်သူတွေကိုအကျိုးပြုနိုင်တယ်”
“သမီးလည်း လုပ်ချင်ပါတယ်ဆရာ၊ ဒါပေမဲ့ ဒီမှာက ပိုပြီးပျော်စရာကောင်းတယ် ဆရာ။ ဒီခေတ်မှာလှချင်တဲ့ မိန်းကလေးငယ်ငယ်လေးတွေအများကြီးပဲ”
“မိန်းကလေးငယ်ငယ်လေးတင် ဘယ်ကမလဲ။ ခုဆရာ့ဇနီးဆိုရင်လည်း ဇွတ်ပူဆာနေတာ”
“ဟုတ်ကဲ့ဆရာ၊ ဒါလည်း စိတ်ရဲ့အာဟာရပဲ ဆရာ၊ စိတ်ကတောင့်တတယ်လေ”
“တော်သေးတယ်လို့တော့ ပြောရမှာပါ”
“ဘယ်လိုမျိုးလဲ ဆရာ”
“ကိုရီးယားမှာဆို လူ ၁၀ ယောက်မှာ ခြောက်ယောက်လောက်ကPlastic Surgery လုပ်ကြတယ်”
“ဟုတ်တယ်ဆရာ။ ချမ်းသာလာတဲ့အခါ လူတွေက အလှပိုပြင်လာကြတယ်”
“ကိုယ့်လက်သည်း ကိုယ်မဆိုးချင်ဘူးဆရာ၊ အမေရိကန်ပြည်ထောင်စုမှာ ဒီအလှပြင်လုပ်ငန်းကို ဗီယက်နမ်တွေက အုပ်စီးထားကြတယ်”
“အင်း . . .ဒါလည်းတကယ့် Business ဖြစ်နေတယ်”
“တစ်ခါတစ်ခါတော့ သွားဆေးခန်းကို လွမ်းပါတယ် ဆရာ”
“အေးကွ၊ လူဆိုတာ သူ့ကိုယ်သူရှာမတွေ့သူတွေပါပဲ”
“ဆရာတရားအတော်ပေါက်နေပြီနဲ့ တူတယ်”
“ဆရာက စာဖတ်တာပါ။ တရားဆိုတာက ကိုယ့်ကိုယ်ကိုယ်ရှာတာပါပဲတဲ့”
“ငါဘာလဲဆိုတာကို ရှာရင်းနဲ့ ပျောက်ဆုံးနေတာပါပဲ”
နိဂုံး
ပညာသင်ကြားတယ်ဆိုတာ ဘ၀အတွက် ပြင်ဆင်တာပါ။ စိတ်ရဲ့ခွန်အားကို ဖြည့်လိုက်တာပါ။ ဘောလုံးကန်ဖို့ လေ့ကျင့်တယ်။ ခြေထောက်ချည်းပဲ သန်လာတာ မဟုတ်ဘူး။ ကိုယ်ခန္ဓာနေရာ အနှံ့ သန်စွမ်းလာတာပါပဲ။ ဒီအတိုင်းပဲ ကျောင်းနေတော့လည်း ပင်ပန်းလိုက်တာပါပဲ။ ငွေတွေကုန်တယ်၊ အချိန်တွေကုန်တယ်။ သင်ထားတဲ့ပညာနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေကို လုပ်ချင်လုပ်ရမှာပဲ။ လုပ်ရင်းနဲ့ မိမိအရည်အသွေးတွေ တက်လာမယ်။ ဒီအတွက် Talent တွေလည်း ရှိလာမှာပါပဲ။ ပညာရှင် ဒီမောစိုးက ပြောတယ်။ လူတွေကို ပြုစုပျိုးထောင်ပြီး အဆင်ပြေတဲ့နေရာမှာ သုံးနိုင်ပါသတဲ့။ ဒီအတွက် ပညာသင်တာပါ။ ပညာသင်တယ်ဆိုတာ ဦးနှောက်စွမ်းရည် ကြီးမားစေတာပါပဲ။
ဒေါက်တာခင်မောင်ညို
The Chic Magazine


